သီးနှစ်သီးနှင့် မြစံပယ်ငုံတို့၏ ပြည်တော်ပြန် ခံစားချက်များနှင့် ပြန်လာဖြစ်သည့် အကြောင်းရင်းများအား ပြည်မြန်မာဂျာနယ်က ယင်းတို့နှင့် တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့ပါသည်။
ကြယ်သီး
မြန်မာပြည် ပြန်လာရတဲ့အပေါ် ခံစားချက်ကို ပြောရရင် နံပါတ်တစ်ကတော့ ဝမ်းသာစရာပေါ့။ အမေ့ရင်ခွင်ထဲ ပြန်ဝင်ခွင့်ရတာ ဝမ်းသာတယ်။ နောက်တစ်ခုက မြန်မာပြည်ကို ပုံမှန် ပြန်လို့ရပြီ ဆိုတာထက်ကို ကျွန်တော်တို့ အစ်ကိုဆရာ အပြင်မှာ ရှိနေတယ်။ နောက်တစ်ခုက သူရဲ့ သမိုင်းကြောင်းတစ်ခုမှာ လေယာဉ်ကွင်းကို ဘယ်သူ့မှ မကြိုမပို့ဖူးဘူး။ မိသားစုတွေ သွားတာကအစ မပို့ခဲ့ဖူးဘူးဆိုတော့ ကျွန်တော်တို့ကို လာကြိုတယ်ဆိုတဲ့ ခံစားမှုဟာ ကျွန်တော်တို့ ကမ္ဘာထီကြီး ပေါက်သလိုပါပဲ။ အရင် လေးနှစ်ကနဲ့ ဘာတွေ ပြောင်းလဲသွားလဲဆိုတာ ပြောရရင် ကျွန်တော့် ကလီစာတွေထဲက ပြောင်းလဲမှုတွေကိုတော့ မပြောတတ်သေးဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲမှုကတော့ ကျွန်တော် စထွက်သွားတုန်းက ကျွန်တော့်ဖေဖေရော၊ ဘွားဘွားကြီး နှစ်ယောက်လုံးလည်း ရှိတယ်ပေါ့။ အခု ကျွန်တော်ပြန်ဝင်လာတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်က ဖေဖေရော၊ ဘွားဘွားကြီး နှစ်ယောက်စလုံး မရှိတော့ဘူး။ ဒါ ကျွန်တော့်ခံစားမှုနဲ့ မိသားစု ပြောင်းလဲမှုပေါ့။ ကျန်တဲ့ ပြောင်းလဲမှုကတော့ ကျွန်တော် ပြန်ရောက်တာ မကြာသေးတဲ့အတွက် မသိသေးပါဘူး။
ပန်းသီး
ပန်းသီး
မြန်မာပြည် ပြန်ရောက်လာတဲ့ ခံစားချက်ကတော့ အတိုင်းမသိ ဝမ်းသာပါတယ်။ မြန်မာပြည် ပြန်လာတာက သီးလေးသီး ပြန်လည် ပေါင်းဆုံဖို့လည်း ပါသလို ကိုဇာဂနာရဲ့ ဖိတ်ခေါ်မှုကြောင့်လည်း ပါပါတယ်။ သီးလေးသီး ကွဲနေပြီဆိုတာ လုံးဝမဟုတ်ပါဘူး။ သီးလေးသီးကတော့ ဘယ်တော့မှ မကွဲပါဘူး။ ကျွန်တော် ပန်းသီး၊ စိန်သီး၊ ဇီးသီး၊ ကြယ်သီး ဘယ်တော့မှ မကွဲပါဘူး။ ကျွန်တော်တို့ ကိုဇာဂနာရဲ့ ဦးဆောင်မှုနဲ့အတူ ဘယ်တော့မှ မကွဲပါဘူး။ မကွဲဘူးဆိုတာ သေချာပါတယ်။
မြစံပယ်ငုံ (မီးသီး)
မြစံပယ်ငုံ (မီးသီး)
မြန်မာပြည် ပြန်လာတဲ့အတွက် အရမ်းကို ပျော်ပါတယ်။ ကိုယ့်ဆရာသမားလည်း လွတ်လာပြီ။ အကုန်လုံးလည်း စုံကြပြီ။ အနုပညာ လုပ်ခွင့်လည်းရတော့ ပိုပြီး ပျော်ပါတယ်။ အနုပညာ လှုပ်ရှားမှုက လောလောဆယ် အငြိမ့်ကဖို့ စီစဉ်နေတယ်။ ဇန်နဝါရီလ လေးရက်နေ့မှာ ကမယ်။ ဦးဇာဂနာ လွတ်လာလို့ ပြန်လာဖြစ်တာက ပိုပြီးတော့ ရာခိုင်နှုန်း များပါတယ်။ တခြားက ပြည်တွင်းမှာ အနုပညာ အလုပ်တွေ လုပ်ချင်လို့ ပြန်လာဖြစ်တာပေါ့။ ပြည်ပ ဖျော်ဖြေပွဲအတွက်လည်း ပြောတာတော့ ရှိပါတယ်။ ဒါပေမဲ့ သေချာတော့ မသိသေးပါဘူး။
